အပိုဝင်ငွေမှ စီးပွားဖြစ်သို့....
ယနေ့ခေတ်ကြီးထဲမှာ လုပ်ကိုင်စားသောက်ရတာ မလွယ်ကူလှပါဘူး။
ဒီလို မလွယ်ကူတဲ့ခေတ်ကြီးမှာ စီးပွားဖြစ်မပြောနဲ့ အပိုဝင်ငွေအဖြစ်တောင် ရှာဖို့ မလွယ်လှဘူး။
ဒီလိုအခြေအနေမှာ သိပ်မပင်ပန်းဘဲ အပိုဝင်ငွေကနေတစ်ဆင့် စီးပွားဖြစ်တဲ့အထိ လုပ်ကိုင်စားသောက်လို့ရတဲ့
လုပ်ငန်းလေး တစ်ခုရှိပါတယ်။
ဒီလုပ်ငန်းလေးကို လုပ်ကိုင်ဖို့ မိတ်ဆွေအနေနဲ့ ရှိထားရမယ့်
အရည်အချင်းတွေတော့ ရှိပါတယ်။ အရည်အချင်းကတော့ အများကြီး မဟုတ်ပါဘူး။ မိတ်ဆွေမှာ ရှိနေရမယ့်
အရည်အချင်းက “ချစ်တတ်ဖို့၊ စိတ်ရှည်ဖို့” ဆိုတဲ့ အရည်အချင်း နှစ်ရပ်ပဲ လိုအပ်ပါတယ်။
ဟုတ်ပါတယ်။ ဒီအလုပ်ကလေး လုပ်ဖို့ ချစ်တတ်ဖို့ အရင်ဆုံးလိုအပ်မှာပါ။
နောက်တစ်ချက်က စိတ်ရှည်တတ်ဖို့ပဲ ဖြစ်ပါတယ်။ ဘယ်အလုပ် လုပ်ပါစေ မိမိလုပ်တဲ့အလုပ်ပေါ်
ချစ်တတ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ စိတ်ရှည်တတ်ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။
အခုလောက်ညွန်းနေရင်တော့ ဘယ်အလုပ်လဲဆိုတာ သိချင်လောက်ပြီ
ထင်ပါတယ်။ စားဝတ်နေရေး အခက်အခဲ ရှိသူတွေ (သို့မဟုတ်) အပိုဝင်ငွေလိုချင်တဲ့သူတွေ (သို့မဟုတ်)
စီးပွားဖြစ်လုပ်ကိုင်ချင်သူတွေ အတွက် ဒီလုပ်ငန်းလေးက အသင့်တော်ဆုံးမို့ တင်ပြလိုက်ပါတယ်။
မှိုစိုက်ပါ
ဟုတ်ပါတယ်။ ယနေ့ခေတ်မှာ ကိုယ့်အိမ်စားအတွက် ဓာတုပစ္စည်း
မသုံးတဲ့ စစ်စားချင်သူများဖြစ်ဖြစ်၊ အပိုဝင်ငွေအတွက်ပဲ ဖြစ်ဖြစ်၊ စီးပွားဖြစ်ပဲ ဖြစ်ဖြစ်
လုပ်သင့်တဲ့ လုပ်ငန်းလေးဖြစ်ပါတယ်။ လုပ်ငန်းအမျိုးအစားအရ ကြည့်မယ်ဆိုရင်တော့ စိုက်ပျိုးရေးလုပ်ငန်း
ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော် စောစောက ပြောခဲ့တာပေါ့။ ချစ်တတ်ဖို့၊ စိတ်ရှည်ဖို့လို့
ပြောခဲ့တာပါ။
ဘယ်မှိုစိုက်ရမလဲ
အရင်ဆုံး မှိုစိုက်မယ်ဆိုရင်တော့ ဘယ်မှိုအမျိုးစားကို စိုက်မလဲ
ဆိုတာ ရွေးချယ်ဆုံးဖြတ်ရပါတယ်။ ဥပမာ- ငွေနှင်းမှို၊ ကြွက်နားရွက်၊ ငွေမိုး၊ လင်ဇီး၊
ကောက်ရိုး၊ ကြယ်သီးမှို အစရှိတဲ့ ဈေးကွက်ဝင်မှိုအမျိုးအစားတွေ အများကြီးရှိပါတယ်။
အိမ်စားရုံ
အိမ်စားရုံလောက် စိုက်ပျိုးပြီး အိမ်စရိတ်ကာမိအောင် စိုက်ပျိုးစားသုံးနိုင်တဲ့
လုပ်ငန်းလေးလည်း ဖြစ်ပါတယ်။ အိမ်စားရုံလောက်ဆိုရင်တော့ ကိုယ်နှစ်သက်တဲ့ မှိုအမျိုးအစားကို
မျိုးထုတ်ဝယ်ပြီးကိုယ်တိုင်စိုက်ပျိုးစားသောက်နိုင်ပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက
ဘယ်မှိုမျိုးကို စားချင်တာလဲဆိုတာပါပဲ။ ဥပမာ - ငွေနှင်းမှိုလောက်ဆိုရင်တော့ အလွယ်တကူ
ထားရှိစိုက်ပျိုး စားသောက်နိုင်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ကောက်ရိုးမှိုဆိုရင်တော့ သူ့စားဖို့အတွက်
နည်းနည်းတော့ အပင်ပန်းလေး ခံရမှာဖြစ်ပါတယ်။
အပိုဝင်ငွေ
မှိုစိုက်ပြီး အပိုဝင်ငွေရှာဖွေနေတဲ့ အိမ်ထောင်စုတွေ ရှိပါတယ်။
သူတို့က အပိုဝင်ငွေအတွက်တော့ အိမ်စားအတွက်ပါ အတော်လေး စိုပြေကြပါတယ်။ မှိုဈေးကလည်း
သူ့ရာသီနဲ့သူ ကောင်းတာကိုးဗျ။ ထားပါတော့။ အပိုဝင်ငွေအတွက် စိုက်ပျိုးချင်သူများကတော့
အရင်ဆုံး ဘယ်မှိုစိုက်မလဲ ဆိုတာ ဆုံးဖြတ်ရပါတယ်။
မဆုံးဖြတ်ခင်မှာတော့ ဈေးကွက်ကို အရင်ဆုံးလေ့လာရပါမယ်။
ဥပမာဆိုပါတော့။ ကောက်ရိုးမှိုက ဈေးကောင်းလား၊ ငွေနှင်းက ဈေးကောင်းလား။ ဘယ်မှို လူကြိုက်များလဲ၊
လူစားများလဲ အစရှိတဲ့ စဉ်းနိုင်သမျှ မေးခွန်းတွေကို ကိုယ်ဟာကိုယ် ထုတ်လို့ ရသမျှ ထုတ်ရပါမယ်။
ပြီးရင်တော့ ကိုယ်စိုက်မယ့်နေရာကို ရွေးချယ်ပြီး စတင်စိုက်ပျိုးနိုင်ပါပြီ။
တစ်ခုတော့ ရှိပါတယ်။ ဘာပဲ လုပ်လုပ် ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။ အပိုဝင်ငွေရှာဖွေတဲ့အဆင့်က
ရှာကြည့်လို ပိုတဲ့အခြေအနေမှာပဲ ရှိပါသေးတယ်။ စီးပွားဖြစ်အဆင့်ကိုတော့ မရောက်သေးပါဘူးဗျ။
စီးပွားဖြစ်
ဒီမှာစတာပဲ။ မှိုစိုက်တဲ့သူအတော်များများနဲ့ အခုမှ စစိုက်မယ့်သူတွေ
အခက်အခဲရှိတဲ့အပိုင်းပဲဖြစ်ပါတယ်။ စီးပွားဖြစ်စိုက်ပျိုးတော့မယ်ဆိုရင်တော့ စီးပွားရေး
တစ်ခုလို လုပ်တတ် ကိုင်တတ် တွေးတတ် ရွေးချယ်တတ် ဆုံးဖြတ်တတ်ဖို့ လိုပါတယ်ဗျာ။
ပေါပေါပဲပဲ မလုပ်မိပါစေနဲ့
မစခင်ကတည်းက သေချာစဉ်းစားစေချင်ပါတယ်။ အရင်ဆုံးလုပ်သင့်တာတွေက
ကိုယ်စိုက်မယ့် မှိုအကြောင်းကို ဘယ်လောက် ကိုယ်သိထားသလဲ။ ဒါအသိအဆင့်ပဲ ရှိပါသေးတယ်။
တကယ်စိုက်တတ်တဲ့အဆင့်ကို မရောက်ပါဘူး။ အသိအဆင့်က ဂျွန်းပစ်တတ်ပါတယ်။ သိရုံနဲ့ မလုံလောက်ပါဘူး။
တတ်ကျွမ်းသူဆီ ဆည်းပူးပါအုံး
ကိုယ်စိုက်ပျိုးမယ့် မှိုအကြောင်းကို သိပြီဆိုတဲ့ အဆင့်ရောက်ရင်တော့
ကျွမ်းကျင်သူများထံ ချည်းကပ် ဆည်းပူးရအုံးမှာ ဖြစ်ပါတယ်။ ဆရာကြီးတွေ ဘယ်လို စိုက်ပျိုးသလဲပေါ့။
ဘယ်လို အယူအဆတွေ ရှိသလဲပေါ့။ မှိုစိုက်ပျိုးတဲ့နေရာမှာ။
လုပ်ငန်းအကြောင်းနားလည်ပါစေ
အပေါ်က ပြောခဲ့သလို ကိုယ်စိုက်မယ့် မှိုအကြောင်းနားလည်းပြီဆိုရင်တော့
လုပ်ငန်းတစ်ခုလို လုပ်တတ်ဖို့ စီမံခန့်ခွဲမှုတွေ စဉ်းစားတွေခေါ်မှုတွေဆီ ဆက်သွားရပါအုံးမယ်ဗျာ…။
မှိုအကြောင်းတော့သိပြီ မှိုလည်း စိုက်တတ်ပါရဲ့နဲ့ ဘာကြောင့်များ ငွေမတိုးဘဲ ငွေဆုံးနေရာလဲဆိုတာ
လုပ်ငန်းမကျွမ်းကျင်လို့ပါဗျာ…။
ဥပမာ-စစိုက်ပျိုးတာက ကောက်ရိုးမှို၊ လုပ်တဲ့နေရာက ဈေးကွက်(
ဈေး)နဲ့အဝေးဆုံး ၁၀မိုင်လောက်မှာ ကိုယ့်ရဲ့ခြံက။ ဒါတင်မကသေးဘူး။ ကုန်ကြမ်းက ၁၅ မိုင်လောက်
နေရာက ယူရပြီဟေ့ဆိုရင်တော့ မိမိကိုယ်ကို မွဲဈေးဖော်တာပဲဗျာ..။
ကိုယ်တိုင် မျိုးထုတ်တဲ့အဆင့်မရောက်သေးတော့ သူများမျိုးသုံးရတဲ့အခါ
ကိုယ်ယူတဲ့ မျိုးက ဘယ်အချိန်မှာ မျိုးပါဝါအားကောင်းပြီး ဘယ်အချိန်မှာ အားမကောင်းဘူးလဲဆိုတာ
သိသင့်ပါသေးတယ်။
စိုက်ပျိုးတဲ့နေရာမှာလည်း ရာသီဥတုအပေါ်မူတည်ပြီး စိုက်ပျိုးရတာဖြစ်တဲ့အတွက်
ရာသီဥတုသတင်းလေးလည်း နားစွင့်သင့်တယ်။ ဒီတစ်ပတ်မိုးရွာမယ်ဆိုတဲ့သတင်းကို မကြားပဲ။ မိုးဖွဲတုန်း၊
မိုးလေး ညို့တုန်းမှာ မျိုးကျဲ အဖုံးအုပ်လိုက်ပြီးမှ မိုးက တစ်ပတ်လုံးရွာတော့။ ကုန်ပြီသာမှတ်ပါ။
စီးပွားဖြစ်မစိုက်ခင်
စီးပွားဖြစ်မစိုက်ခင်မှာ အထက်က အဆင့်နှစ်ဆင့်ကို အရင်ဆုံး
ကိုယ်တိုင် ဖြတ်သန်းသင့်ပါတယ်။ အိမ်စားလေးအတွက်မှ အပိုဝင်ငွေအတွက်ဆိုတဲ့ အဆင့်နှစ်ဆင့်ကို
ဖြတ်သန်းခဲ့သင့်ပါတယ်။ လက်ထဲ ပိုက်ပိုက်ကလေး ငွေယားလေးရှိပြီဆိုပြီး စီးပွားဖြစ်စိုက်ရင်တော့
စိုက်မလောက် ဖြစ်ပါလိမ့်မယ်ဗျာ။ စိုက်မလောက်ဆိုတာက အိတ်ထဲက ပိုက်ဆံကို ပြောတာပါဗျာ။
စိတ်မောသွားသလား
အထက်ဖော်ပြပါ စာတွေက မိတ်ဆွေရဲ့ စိတ်ကို မောသွားလောက်ပါတယ်။
ပြောတော့ ဒီမှိုစိုက်တဲ့အလုပ်ကလေးလုပ်ပြီး အပိုဝင်ငွေ ဘာညာရတယ်ပြောပြီး အခုမှ မလွယ်ဘူးလို့
ပြောရသလားဆိုသလို ဖြစ်နေပါတယ်။
ဟုတ်ပါတယ် အပိုဝင်ငွေအဆင့်လောက်က ပြဿနာမဟုတ်ပေမယ့် စီးပွားဖြစ်စိုက်မယ်ဆိုရင်တော့
အတွက်အချက်နဲ့ ကျွမ်းကျင်ဖို့တော့ လိုအပ်ပါတယ်။ တကယ်တမ်းသေချာသုံးသပ်ပြရရင် အိုးမကွာ
အိမ်မကွာနဲ့ ဝင်ငွေရတဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ စိုက်ပျိုးကြည့်ပါ။ လက်ဖျား ငွေသီးလာပါလိမ့်ဗျာ…။
No comments: