ရဲဘော်သုံးကျိပ်ရဲ့ အမည်တွေရှေ့မှာ ဘာကြောင့် “ဗိုလ်” တပ်ရတာလဲ ?

July 14, 2017
ကျွန်တော်တို့ အားလုံးသိတဲ့ ရဲဘော်သုံးကျိပ်ရဲ့ အမည်တွေရှေ့မှာ “ဗိုလ်”တပ်ပြီး ခေါ်ကြပါတယ်။ ဘာကြောင့် ခေါ်ရသလဲ ဆိုတာတော့ သိပ်မသိကြပါဘူး။



ရဲဘော်သုံးကျိပ်ဖြစ်လာမယ့် ပုဂ္ဂိုလ်များရဲ့ အမည်တွေရှေ့မှာ အရင်က သခင်တွေတပ်ပြီး မှည့်ခေါ်ကြပါတယ်။ ဥပမာ - သခင်အောင်ဆန်း၊ သခင်လှမောင်၊ သခင်ရှုမောင် အစရှိသဖြင့် ခေါ်ခဲ့ကြပါတယ်။

ဂျပန်ကို စစ်ပညာသွားသင်တဲ့အချိန်မှာတော့ မြန်မာ သခင်အမည်တွေ ပျောက်ပြီး ဂျပန်အမည်တွေ မှည့်တွင်စေပါတယ်။ ဥပမာ- သခင်အောင်ဆန်း (အိုမိုတာမွန်ချီ) ၊ သခင်ရှုမောင် (တကာစုကီး-စုစုမိ)၊ သခင်လှမောင် (ခါကာတာတာချီ) အစရှိသဖြင့် ခေါ်တွင် စေပါတယ်။



ဂျပန်မှာ စစ်ပညာသင်ကြားပြီး မြန်မာပြည် ပြန်ရောက်ချိန်ကျရင်တော့ ထိုသို့ မှည့်တွင်ထားတဲ့ ဂျပန်အမည်တွေကို မယူစေချင်ဘူးလို့ သခင်လှမောင် (ခါကာတာတာချီ) က စိတ်ကူးရခဲ့ပါတယ်။ အရင်ဆုံး အမည်တွေရဲ့ အရှေ့မှာ “ဗိုလ်” ဆိုတဲ့ အသုံးကို စတင်သုံးစွဲဖို့ စိတ်ကူးရတဲ့သူလည်း ဖြစ်ပါတယ်။

မြန်မာပြည်သို့ ပြန်ရောက်ချိန် အမည်ရင်းတွေ ခေါ်တဲ့အခါ မိသားစုများ ဒုက္ခတွေ့နိုင်ကြောင်း၊ ထို့ကြောင့် မြန်မာ ပြည်သို့ ဝင်သည့်အခါ ရှေးခေတ်က ဘုရင့်နောင် ၊ ဗန္ဓုလစသည်ဖြင့် အမည်မျိုး မှည့်သင့်ကြောင်း အကြံပေးခဲ့ပါတယ်။

အဲဒီ့နောက်မှာတော့ ဗိုလ်တေဇ (သခင်အောင်ဆန်း)၊ ဗိုလ်နေဝင်း (သခင်ရှုမောင်)၊ ဗိုလ်ဇေယျ (သခင်လှမောင်) ဆိုပြီး သခင်အမည်ပျောက်ပြီး “ဗိုလ်”အမည်များ ပြောင်းလဲ ခေါ်ဝေါ်လာခဲ့ပါတော့တယ်....။

Written By Konay

No comments:

Powered by Blogger.