အောင်မြင်ချင်ရင် သေတဲ့အထိ လုပ်သွားရမယ့် အချက် (၄)ချက်

August 09, 2017
လူတိုင်း အောင်မြင်ချင်ကြတဲ့ သူများသာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အောင်မြင်နေတဲ့ သူများလည်း ရှိပါတယ်။ အောင်မြင်နေတဲ့ သူတွေမှာ ဘာကြောင့် အောင်မြင်နေသလဲ ဆိုတဲ့ အခြေခံ အချက်တွေ ရှိပါတယ်။ အဲဒီ့ အခြေခံအချက်တွေက ဘာတွေများဖြစ်မလဲ။




Asking


မသိရင်မေး မစင်ရင် ဆေးဆိုတဲ့ မြန်မာစကားပုံတစ်ခုလိုပါပဲ။ မွေးဖွားလာကတည်းက လူတိုင်း ဘာကိုမှ မသိကြပါဘူး။ အမေ့ ဝမ်းကြာတိုက်က ထွက်ပြီး လမ်းလျှောက်စကားတွေပြောတတ်ချိန်ကျတော့ ကျွန်တော်တို့ အမေ့လက်ကို ဆွဲပြီး အမြဲတမ်း မေးခွန်းတွေထုတ်ခဲ့ကြပါတယ်။



Why, How, What အခြေခံ အကျဆုံး မေးခွန်းတွေကို မေးခဲ့ကြပါတယ်။
အဲ့ဒါ ဘာကြောင့် ဖြစ်တာလဲ၊ ဘယ်လို ဖြစ်တာလဲ၊ ဘာလဲ ဆိုပြီး မေးခဲ့ကြပါတယ်။


အရွယ်ရောက် စာသင်တော့လည်း တချို့ ကျောင်းနေဖက် သူငယ်ချင်းတွေက အမြဲလို သူတို့မှာ မေးခွန်းတွေ ရှိတတ်ပြီး မေးခဲ့ကြတယ်။ တချို့ကတော့ ဆိတ်ဆိတ်နေတတ်ကြတယ်။

လုပ်ငန်းခွင်မှာလည်း ထိုနည်းတူပါပဲ။ အပြင်သင်တန်းကျောင်းတွေလည်း ထိုနည်းတူပါပဲ။ တကယ့် လက်တွေ့ ဘဝကြီးမှာ ကျွန်တော်တို့ဟာ နေ့စဉ်နဲ့ အမျှ မေးခွန်းပေါင်းစုံနဲ့ မိတ်ဖွဲ့ ဆုံစည်းဖြစ်ကြပါတယ်။ ရှောင်မသွားပါနဲ့။ မေးပါ။ မသိတာမှန်သမျှ မေးပါ။ မသိလို့ မေးတာ ရှက်စရာ မဟုတ်ပါဘူး။

Learning

ကျွန်တော် ပုံပြင်လေး တစ်ပုဒ်ဖတ်ဖူးတယ်။ ဘုရင်ကြီးတစ်ပါးဟာ သူ့ရဲ့ ပညာဝန်တွေကိုခေါ်ပြီး အလုပ်တစ်ခု ဆောင်ရွက်ခိုင်းတယ်။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ပညာရပ်တွေကို စုပြီး အကျဉ်းချုပ်ပြီး စာတစ်အုပ်တည်း ရေးခိုင်းခဲ့တယ်။




ဒါနဲ့ ပညာဝန်တွေဟာ နေ့မအိပ် ညမနား ပညာရပ်တိုင်းကို အနှစ်ချုပ် အကျဉ်းချုပ်ပြီး စာအုပ်တစ်အုပ်အဖြစ် ပြောင်းလဲခဲ့တယ်။ အဲ့ဒီ့စာအုပ်က စာအုပ်တစ်အုပ်ချင်းစီယှဉ်ရင် အထူးဆုံး အုပ်ဖြစ်နေတယ်။

ဒါနဲ့ ဘုရင်က ထပ်ပြီး အကျဉ်းချုပ်ခိုင်းစေပြန်တယ်။ ဒါပေမယ့် အကျဉ်းချုပ်လေ ပညာရပ်အသစ်တွေ ပေါ်လေဆိုတော့ ဘယ်လိုမှ ချုပ်မရခဲ့ဘူး။ ဒီလိုနဲ့ပဲ အချိန်တွေ တိုက်စားလာကြီး ဘုရင်ကြီးသာ အသက်အရွယ် အိုမင်းလာတယ်။ နောက်ဆုံး ဘုရင်ကြီးက လက်လျော့လိုက်ပါတယ်။


တကယ်တော့ ပညာရပ်တွေဟာ လေ့လာသူတွေ ရှိနေသမျှ ပေါ်ထွက်လာအုံးမှာ ဖြစ်ပါတယ်။ အဲဒီ့ ပညာရပ်တွေထဲကမှ ကိုယ်နဲ့ ကိုက်ညီပြီး စိတ်ဝင်စား ဝါသနာပါတဲ့ ပညာရပ်ကို လေ့လာလိုက်စားဖို့ လိုအပ်ပါတယ်။


ပညာရပ်တစ်ခုဟာ ဘယ်တော့မှ ရပ်တန့်သွားတဲ့ အရာတွေ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အစဉ်မြဲ လေ့လာနေဖို့ လိုပါတယ်။ ကျွန်တော်တို့ ဘွဲ့ယူတုန်းက (ဘွဲ့နှင်းသဘင်မှာ ဘွဲ့ယူသူတိုင်းသိပါတယ်) ပါမောက္ခချုပ်က ပြောဖူးပါတယ်။


“ဒီနေ့ ဘွဲ့ရပြီး နောက်နေ့ စာမဖတ်သူသည် သဘက်ခါ စာမတတ်သူ ဖြစ်သွားလိမ့်မည်။”


သိပ်ကောင်းတဲ့ စကားလေးပါ။ မိတ်ဆွေတို့လည်း ဘဝမှာ အောင်မြင်ဖို့ အစဉ်မြဲ လေ့လာသင်ယူ စာတွေဖတ်ဖို့ လိုပါတယ်။


Sharing


“ပညာရွှေအိုး လူမခိုး” ဒီစကားပုံလေးက နှစ်ဖက်တွေးလို့ရပါတယ်။ တတ်သိထားတဲ့ ပညာတွေကို ရန်သူငါးပါးကလည်း မတိုက်ခိုက်နိုင်သလို စောရ တွေကလည်း မခိုးယူနိုင်ပါဘူးဗျာ..။ ဒါ Universal Truth တစ်ခုပါ။



ဘယ်သူမှ မခိုးယူနိုင်တဲ့အတွက် သိထားတတ်ထားတာတွေကို တစ်သက်လုံး လုံခြုံအောင်သိမ်းသွားမလား၊ မမျှဝေတော့ဘူးလားဆိုတာ မေးစရာ ဖြစ်လာပါတယ်။


သေရင် ကိုယ့်နောက် ဘာမှ မပါပါဘူးဗျာ။ မြန်မာရာဇဝင်မှာ အားလုံးသိတဲ့ ပညာရှိအမတ်ကြီး ဦးပေါ်ဦးကိုသာ ကြည့်ပါ။ သူအသက်ဆုံးပါးတော့ သူ့ ရုပ်ကလာပ်ကို လူတွေလာကြည့်တဲ့အခါ သူဘာကို ပြထားသလဲ။


လက်နှစ်ဖက်ကို ဖြန့်ထားပြီး ပြထားတယ်။ ဒါက သေရင်လည်း လက်ဗလာနဲ့ သေရတာပါ။ ဘာမှ မပါသွားပါဘူး။ ယူသွားလို့ မရပါဘူးလို့ ပြထားတာ ဖြစ်ပါတယ်။


ဒါကြောင့် ကိုယ့်တတ်သိထားတဲ့အရာတွေကို မျှဝေဖို့ အရေးကြီးပါတယ်။ မသိတဲ့သူတွေ၊ မေးခွန်းတွေ မေးကြသူတွေ ကို ကိုယ်သိတဲ့ နယ်ပယ်ပညာရပ်နဲ့ ပတ်သက်လာရင် မျှဝေဖို့ လိုပါတယ်။ ဒါလည်း လူ့တန်ဖိုး တစ်ခုပါပဲဗျာ။


Listening

ကမ္ဘာကျော် စာရေးစာကြီးတစ်ဦးက ပြောဖူးပါတယ်။ “များများ ပြောတာထက်၊ များများ နားထောင်” ဆိုတဲ့ William Shakespeare ရဲ့ အဆိုတစ်ခုကို အမှတ်ရမိတယ်။ လူအတော်များများက ပြောဖို့ချည်း အားသန်ကြပါတယ်။ နားတော့ မထောင်တတ်ကြပါဘူး။ အောင်မြင်တဲ့ သူအတော်များများကတော့ တစ်ဖက်လူရဲ့ စကားသံတွေကို နားထောင်ပါတယ်။


စီးပွားရေး လုပ်ငန်းလုပ်နေတဲ့ သူတွေအတွက်တော့ ဒါဟာ အရေးအကြီးဆုံးအချက်လို့ မြင်မိတယ်။ စားသုံးသူရဲ့ စကားသံတွေကို နားထောင်သင့်ပါတယ်။ သူတို့တွေ ဘာတွေ ပြောလဲ၊ ဘာတွေ လိုအပ်နေလဲ ဆိုတာတွေ သိဖို့ လိုပါတယ်။ များများနားထောင်ပါ။ စကားတွေကိုလျော့ပြောပါ။



အထက်မှာ ဆွေးနွေးခဲ့တဲ့ အချက်(၄) ချက်ကတော့ အောင်မြင်ချင်ရင် သေတဲ့အထိ လုပ်သွားရမယ့် အရာတွေလို့ သုံးသပ်တင်ပြလိုက်ရပါတော့တယ်ဗျာ။

No comments:

Powered by Blogger.