စိတ်ချမ်းသာပြီး ကြီးပွား တိုးတက်နေတဲ့ နေအိမ်က ဘယ်လို အိမ်မျိုးတွေလဲ ?
အိမ်ဆိုတာ လူတိုင်းအတွက် နားခိုရာ နေရာလေး တစ်ခု ဖြစ်ပါတယ်။ လုပ်ငန်းခွင်ထဲ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေကို အကောင်းဆုံး ဖြေဖျောက်ပေးနိုင်စွမ်း ရှိတဲ့ နေရာလေးက မိမိ နေထိုင်တဲ့ အိမ် လေးပဲ ဖြစ်ပါတယ်။ ချစ်ခြင်း မေတ္တာတွေနဲ့ နားလည်ခြင်းတွေ ပြည့်နှပ်နေတဲ့ နေရာလေးက ကမ္ဘာပေါ်မှာ မိမိရဲ့ အိမ်လေးက လွဲပြီး ဘယ်နေရာမှ မရှိနိုင်ပါဘူး။
မိမိကို ချစ်ပြီး မိမိက ချစ်ရတဲ့ ဖိုဖိုး ဖွားဖွား ဦးဦး ဒေါ်ဒေါ်တွေ ၊ ညီအစ်ကို မောင်နှတွေနဲ့ မိမိအတွက် လိုအပ်သည် ဖြစ်စေ၊ မလိုအပ်သည် ဖြစ်စေ ငြိုငြင်မှု မရှိ ဖြည့်ဆည်းပေးနေတဲ့ မိဘနှစ်ပါးရဲ့ မေတ္တာအရိပ်တို့ နေပြောက်မထိုးအောင် ရှိနေတဲ့ နေရာလေးဟာ အိမ် ဆိုတဲ့ နေရာလေး မှာပဲ ရှိပါတယ်။ မိမိအတွက် အလုံခြုံဆုံးနဲ့ အနွေးထွေးဆုံးနေရာလေးကလည်း မိမိရဲ့ အိမ်လေးပဲ ဖြစ်ပါတယ်။
မိမိ နေထိုင်တဲ့ အိမ်လေးမှာ မိမိ မိသားစုဝင်တွေအားလုံး စိတ်ချမ်းသာပြီး အစဉ်မြဲ ကြီးပွားတိုးတက်ခြင်းကို လူတိုင်း လိုချင် တောင့်တ မိကြမှာပါ။ တစ်ချို့ မိသားစုဝင်တွေရဲ့ နေအိမ်လေးဟာ အလည်သဘောမျိုးသွားတဲ့ တဒင်္ဂလေးအတွင်း မိမိအတွက် ငြိမ်းချမ်းမှုကို ပေးစွမ်းနေတဲ့ စိတ်ခံစားမှုမျိုးကို ရရှိစေခဲ့တာမျိုး ကြုံဖူးကြမှာပါ။ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းမျိုးကိုတော့ ဆက်ပြီး မမေးဖြစ်ခဲ့ကြသလို တစေ့တစောင်း လေ့လာမှုမျိုးလည်း မလုပ်ခဲ့ကြတာတော့ များပါတယ်။ မိတ်ဆွေရဲ့ နေအိမ်ရော စိတ်ချမ်းသာပြီး ကြီးပွားတိုးတက်နေတဲ့ နေအိမ်မျိုး ၊ အလည်လာတဲ့ မိတ်ဆွေကို စိတ်ငြိမ်းချမ်းမှု ပေးနိုင်တဲ့ နေအိမ်မျိုး ဖြစ်ပါသလား ?
စိတ်ချမ်းသာပြီး ကြီးပွား တိုးတက်နေတဲ့ အိမ်က ဘယ်လို အိမ်မျိုးတွေ ဖြစ်မလဲ ဆိုတာ ဆက်လက် ဖတ်ရှု ကြည့်ပါ။ စိတ်ချမ်းသာပြီး ကြီးပွား တိုးတက်နေတဲ့ အိမ်မျိုးကတော့...
(၁) မိဘနှစ်ပါးရဲ့ စီမံခန့်ခွဲမှု ၊ ဆုံးမ သွန်သင်မှု ကောင်းတဲ့ အိမ်
(၂) မိဘ နှစ်ပါး အိမ်ထောင်ရေး အဆင်ပြေနေတဲ့ အိမ်
(၃) မိသားစု ဝင်အချင်းချင်း လေးစားမှု ရှိတဲ့ အိမ်
(၄) မိသားစု ဝင်အချင်းချင်း ချစ်ခင်တတ်တဲ့ စိတ်ထားမျိုး ရှိတဲ့ အိမ်
(၅) မိမိကိုယ်ကိုယ် လေးစားတတ်တဲ့သူမျိုးတွေ ရှိတဲ့ အိမ်
(၆) အိမ် အလုပ်တွေကို သူ့အလုပ် ကိုယ့်အလုပ်မခွဲဘဲ ဆောင်ရွက်တတ်သူတွေရှိတဲ့ အိမ်
(၇) အိမ်တွင်း သူခိုး မရှိတဲ့ အိမ်
(၈) မိသားစုဝင်ထဲမှာ မူးယစ် လောင်းကစား လုပ်တတ်တဲ့သူ မရှိတဲ့ အိမ်
(၉) သီလ လုံခြုံတဲ့ မိသားစုဝင်တွေ ရှိတဲ့ အိမ်
(၁၀) အိမ်ထောင်ရေး ဖောက်ပြန်မှု မရှိတဲ့ အိမ်
(၁၁) သတ္တဝါတွေအပေါ် မေတ္တာထားစိတ်ရှိတဲ့ မိသားဝင်တွေ ရှိတဲ့ အိမ်
(၁၂) အနာဂါတ်အတွက် ကြိုတင် ပြင်ဆင်မှု ရှိတဲ့ အိမ်
(၁၃) အိမ်ထောင် ဦးစီးကောင်းနှင့် အိမ်ရှင်မ ပီသစွာ ရှိတဲ့ အိမ်
(၁၄) စည်းကမ်းရှိပြီး စည်းစနစ်တကျ ရှိသော အိမ်
(၁၅) အိမ်နီးနားချင်း ကောင်းများ ရှိတဲ့ အိမ်
အထက်ဖော်ပြပါ အချက်များအားလုံး ပြီးပြည့်စုံရမှ မဟုတ်ဘဲ အချက်တော်တော်များများ မိမိ မိသားစုဝင် နေအိမ်မှာ ရှိနေပြီဆိုရင်တော့ သေချာပေါက် စိတ်ချမ်းသာပြီး ကြီးပွား တိုးတက်မယ့် နေအိမ် ဖြစ်လာမှာပဲ ဖြစ်ပါတော့တယ်။

No comments: